ဟိုင်းကြီးကျွန်းမြို့အနီးရှိ ရွာများသို့ ကြွက်ကောင်ရေ သောင်းနှင့်ချီ နေ့စဉ်လာရောက်၍ သီးပင်စားပင်များ ဖျက်ဆီးနေ  

မျိုးမင်းထွန်း (မြစ်မခ)
၆၊ ဇွန်၊ ၂၀၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အနီးရှိ ဇီးချိုင်၊ ငွေတောင်နှင့် ကံချိုင်ကျေးရွာများ သို့ ဇွန် ၃ ရက်မှစ၍ ကြွက်အကောင်ရေတစ်သောင်းခန့်ပါဝင်သည့် ကြွက်အုပ်ကြီးများ နေ့စဉ်လာရောက်၍ ဒေသခံများ စိုက်ပျိုးထားသော သီးပင်၊ စားပင်များကို ဖျက်ဆီးနေကြောင်း သိရှိရသည်။

အဆိုပါရွာများသို့ ဝင်ရောက်နေသောကြွက်များမှာ ကြွက်ဝမ်းဖြူအမျိုးအစားများဖြစ်ပြီး အရွယ်အစားအားဖြင့် တစ်ကောင်လျှင် (၁၀) ကျပ်သားမှ (၂၀) ကျပ်သားခန့်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

“ရွာတွေနားမှာ တောင်ကုန်းတွေ၊ တောတွေရှိတော့ အဲ့ထဲက ထွက်လာတာလို့ထင်တယ်။ ရွာတွေမှာလည်း တစ်ခါမှ အဲလိုတွေမဖြစ်ဖူးတော့ ကြွက်တွေအုပ်လိုက် သစ်ပင်တွေပေါ်ပြေးနေတာ သစ်ရွက်စား၊ ဝါးရွက်စားနေတာတွေ တွေ့နေရတော့ သတ်မယ်ဆိုပြီး လိုက်သတ်နေကြတာ”ဟု ဟိုင်းကြီးကျွန်းမြို့အုပ်ချုပ်ရေးမှူး ဦးသက်လွင်ဦးက ပြောသည်။

ကြွက်အုပ်ကြီးသည် ရွာများအတွင်းသို့ ဝင်ရောက်လာပြီး သစ်ပင်များပေါ်တွင် ပြေးလွှားခြင်း၊ သီးပင်စားပင်များ ကို ကိုက်ဖြတ်စားသောက်မှုများရှိလာသောကြောင့် ဒေသခံများက လေးခွများ၊ တုတ်များဖြင့် ဝိုင်းဝန်း၍ ပစ်ခတ်ရာ ဇွန် ၅ ရက်၊ နံနက်ပိုင်းအထိ ကြွက်ကောင်ရေ (၅၀၀၀) ခန့်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးခဲ့သည့် ကြွက်များမှ ကြွက်ထီး  အသေ (၁) ကောင်နှင့် ကြွက်မ အသေ (၂) ကောင်အား စစ်ဆေးရန် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဓာတုဗေဒရုံးသို့ ပို့ဆောင်ထားပြီး မလိုလားအပ်သော ကျန်းမာရေးဆိုင်ရာပြဿနာများ မဖြစ်စေရေး ကျန်ရှိသော ကြွက်သေကောင်များအား ဥယျာဉ်ခြံမြေများတွင်မြေမြုပ်ခဲ့ကြောင်း သိရသည်။

“ရောက်လာတဲ့ကြွက်တွေက လူလည်း မကြောက်ကြဘူး။ ရွာကလူတွေ လိုက်သတ်လို့သေတော့မှ ငြိမ်သွားကြတာ။ ဓါတ်ခွဲတာတော့ ဘာရောဂါမှ မတွေ့ဘူးလို့ သိရတယ်။ တချို့တွေကတော့ အတိတ်နိမိတ်ကောက်ပြီး ရေကြီးနိုင်တာတို့၊ ငလျင်လှုပ်နိုင်တာတို့ ပြောနေကြတာတွေရှိတယ်”ဟု ငွေတောင်ကျေးရွာနေ ဦးစံသိန်းက ပြောသည်။

ကျေးရွာကျန်းမာရေးဌာနက သေဆုံးကြွက်များကို မြေကျင်းတူး၍ မြုပ်နှံရန်နှင့် ကြွက်များ ရွာ၏နေရာအနှံ့အပြား သို့ ပြန့်နှံ့ရောက်ရှိနေသောကြောင့် သောက်သုံးရေများ၊ ရေတွင်းများကို စနစ်တကျဖုံးအုပ်ထားကြရန် နှိုးဆော်ထားကြောင်း သိရသည်။

https://goo.gl/DsfVpK

 

ယနေ့သတင်းများ
+959255881183       
shwemyanmarvas       
shweMyanmarVAS       
HotLine: 012305273 OR 106